နိုင်ငံတော်အရန်ဆန်များ ရန်ကုန်ရှိ ရပ်ကွက် လက်လီဆိုင်များသို့ အရောက်ပို့စနစ်ဖြင့် ရောင်းချပေးနေ
ကိုဗစ်ကာလအရေးပေါ် လိုအပ်ချိန်တွင် ဖြန့်ချိနိုင်ရန် ဝယ်ယူထားသော နိုင်ငံတော်အရန်ဆန်လက်ကျန် အိတ်ရေ ၈၄၀,၀၀၀ ခန့် ကျန်ရှိနေသေးပြီး လက်ရှိကာလတွင် ရန်ကုန်ရှိ လက်လီ ဆိုင်များသို့ အရောက်ပို့ စနစ်ဖြင့် ရောင်းချပေးနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်းမ်ကို ပြောသည်။
အဆိုပါ အရန်ဆန်လက်ကျန်ပမာဏကို ရန်ကုန်၊မန္တလေး၊နေပြည်တော်တို့တွင် သိုလှောင်ထားရှိပြီး ပြည်သူများထံ တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းရောင်းဖြင့် ရောင်းချနိုင်ရန် ဆန်စပါးအသင်း ချုပ်နှင့်ကုန်စည်ဒိုင်များမှ တစ်ဆင့် ရောင်းချပေးနေသည်ဟု ၎င်းက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုအရ စားသုံးသူရေးရာဦးစီးဌာန၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ ဆန်ကုန်စည်ဒိုင်များပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ဆန်လက်လီဆိုင်များအနေဖြင့် ယခုအချိန်ကာလအတွင်း ဆန်ဝယ်ယူနိုင်ပြီး လက်လီဆိုင်နေရာအထိ အရောက်ပို့ဆောင် Delivery ပြုလုပ်ပေးမည်ဟု မြန်မာနိုင်ငံဆန်စပါးချုပ်မှ သိရသည်။