ပြည်ပနိုင်ငံများမှ မြန်မာ့ပြောင်း ဝယ်ယူရန် ကမ်းလှမ်းမှုများ မြင့်တက်လာ
ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းများကို ပြည်ပနိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်းမှုများ မြင့်တက်နေ ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းမှ သိရသည်။
ယင်းသို့ ဝယ်ယူရန် ကမ်းလှမ်းမှုများ မြင့်တက်နေခြင်းကြောင့် ယခုနှစ် ပြောင်းဈေးကွက် အခြေအနေမှာ ပိုမို ကောင်းမွန်လာနိုင်ကြောင်း မြန်မာ နိုင်ငံ ပြောင်းလုပ်ငန်း အသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။
ဦးမင်းခိုင်က '' ပုံမှန်ကတော့ နိုင်ငံတကာက အဝယ်ရှိနေပေမယ့် တစ်ရက်ထဲမှာ နိုင်ငံ သုံးခုလောက်က ဝယ် တယ် ဆိုတာမျိုးတော့ မရှိခဲ့ဘူး။ ဒီနှစ်မှာ အဲ့လိုဝယ်တာ ရှိလာပြီ။ မနှစ်ကဆိုရင် ဒီလိုအချိန်မှာ ဝယ်တာ ရှိပေမယ့် နည်းသေးတယ်။ ဒီနှစ်တော့ များတယ်ဆိုပေမယ့် အရင်နှစ်ထက် ပိုကောင်းနိုင်တယ်၊ မကောင်းဘူး ဆိုတာတော့ ရာသီတစ်ခုလုံးကို ခြုံကြည့်ရမယ်။ လက်ရှိ အချိန်မှာတော့ အရင်နှစ်ထက်စာရင် ဆက်သွယ်တာ တွေ မြင့်တက်နေတယ်'' ဟု ဆိုသည်။