မတ်ပဲဈေး တစ်ပတ်အတွင်း ကျပ် ၁ သိန်းခွဲကျော် ခုန်တက်
အိန္ဒိယက ခွဲတမ်းစနစ်ဖြင့် မတ်ပဲတန်ချိန် တစ်သိန်းခွဲ ဝယ်ယူမည်ဟု ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်တွင်း မတ်ပဲဈေး တစ်ပတ်အတွင်း တစ်တန်လျှင် ကျပ်တစ်သိန်းခွဲ ဝန်းကျင်အထိ မြင့်တက် လာခဲ့ကြောင်း မတ်ပဲ လုပ်ငန်းရှင်များက ပြောသည်။
ယခုလဆန်း အစောပိုင်း ရက်များအတွင်းက တစ်တန် ကျပ် ၁ဝ သိန်းခွဲ ရှိရာမှ တစ်ပတ်အတွင်း အမြင့်ဆုံးဈေး အဖြစ် တစ်တန်လျှင် ကျပ် ၁၂ သိန်းဝန်းကျင် အထိ ရောက်ရှိခဲ့ရာ ပျမ်းမျှ ကျပ်တစ်သိန်းခွဲ ကျော် မြင့်တက် လာခဲ့ကြောင်း ၎င်းတို့က ပြောသည်။
'' လက်ကျန် မတ်ပဲ နည်းတော့ အရောင်းအဝယ် အများကြီး လုပ်လို့မရဘူး။ ရှိသူတွေကလည်း မရောင်းဘူး။ ဝယ်သူကလည်း လိုသလောက်ပဲ ဝယ်တယ် '' ဟု ပဲ အရောင်းအဝယ် လုပ်ငန်းရှင် ဦးအေးလွင်က ဆိုသည်။
ပြည်တွင်းမတ်ပဲ လက်ကျန်မှာ စုစုပေါင်း တန်ချိန်တစ်သိန်း ဝန်းကျင်သာ ကျန်ရှိတော့ ကြောင်းလည်း ပဲလုပ်ငန်းရှင်များထံမှ သိရသည်။