မြန်မာ့လက်ဖက် ယခုနှစ် အထွက်နည်းသောကြောင့် Export ပြည့်မီအောင်တင်ပို့နိုင်ရေး အခက်ခဲရှိ
မြန်မာ့ထုတ်ကုန်ဖြစ်သည့် လက်ဖက်ကို ဂျာမနီနှင့် ဗြိတိန်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ရာသီဥတုအခြေအနေအရ လက်ဖက်ထွက်နှုန်း နည်းခြင်း၊ ကိုဗစ်ကပ်ရောဂါကြောင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာခြင်းနှင့် လက်ဖက်ခူးနိုင်မှု အချိန်မမီခြင်းတို့ကြောင့် ပြည်ပအမှာ ပြည့်မီအောင် Export တင်ပို့ နိုင်ရန် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံ လက်ဖက်အသင်းအတွင်းရေးမှူး ဦးလင်းပြည့်ထွန်းက ပြောသည်။
“ရှမ်း(တောင်ပိုင်း)အခြေအနေအရပြောရင်၄၀ ရာခိုင်နှုန်းလောက် အထွက်နှုန်း ကျဆင်းတော့ လုံလောက်တဲ့ အော်ဒါပမာဏ ပြည့်အောင် မပို့နိုင်ဘူး။ ဒါကြောင့် Export ပို့နိုင်တာ နည်းတယ်။ ပစ္စည်းပြည်စုံလို့ ပို့ မယ်ဆိုတော့ ကုန်တင်ကားတွေ သွားလာရေး အခက်အခဲလည်း ရှိတယ်။ နိုဝင်ဘာလောက်ထိတော့ Export အတွက် အခက်အခဲကြားမှာ ရအောင် လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်မယ်”ဟု ၎င်းက ပြောသည်။
၂၀၁၉ ခုနှစ်က လက်ဖက် ၁၀ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ယခုနစ်ရာသီ၌ ပြည်ပဈေးကွက်အမှာ (Order) ၁၅ တန် ခန့်ရှိသော်လည်း စက်တင်ဘာလအထိ ၃ တန်ခန့်သာတင်ပို့နိုင်ခဲ့ကြောင်း၊ ရာသီဥတုအရ မိုးခေါင်ခြင်း၊ ဈေး ကွက်တင်ပို့နိုင်မှု အခြေအနေနှင့် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုတို့ကြောင့် စက်ရုံတချို့အင်အားပြည့် မလည်ပတ် နိုင်ခြင်းတို့က လက်ဖက်အထွက်နှုန်း ကျဆင်းရခြင်းဖြစ်သည်ဟု သိရသည်။