လာမည့် ဖရဲ၊သခွား စိုက်ပျိုးရာသီတွင် သခွားစိုက်ပျိုးမှု ထက်ဝက်ခန့် ကျဆင်းနိုင်
လာမည့် ဖရဲ၊သခွား စိုက်ပျိုးရာသီတွင် စိုက်ပျိုးမှုများ များစွာလျော့ကျသွားနိုင်ကြောင်း ဖရဲ၊ သခွား စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများထံမှ သတင်းရရှိသည်။
လက်ရှိတွင် ဖရဲ၊ သခွား စိုက်ပျိုးမှုများသည့် မကွေးတိုင်းအတွင်း ယခုနှစ် သခွားမွှေး စိုက်ပျိုးရာသီတွင် နှစ်စဉ် စိုက်ပျိုးနေသည့် နှုန်းထားထက် ၅ ပုံ ၁ ပုံခန့် လျော့ချစိုက်ပျိုးသွားကြမည်ဟု သိရကြောင်း တိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
၎င်းက “ ဒီနှစ်ကတော့ ပြောလို့မရသေးဘူး။ လမ်းပန်းဆက်သွယ်ရေး အနေအထားနဲ့ ရောဂါ အနေအထားနဲ့ မနှစ်ကလည်း ရှုံးထားကြတဲ့ အနေအထားနဲ့ဆိုတော့ မနှစ်ကထက် ၄ ပုံ ပုံ ၁ ပုံ၊ ၅ ပုံ ပုံ ၁ ပုံ အဲ့လောက် ထက်မရှိနိုင်ဘူး။ ပုံမှန်ဆိုရင် မကွေးတိုင်းထဲမှာ စိုက်ဧက ၇၀၀ နဲ့ ၁၀၀၀ ကြားလောက်ရှိတာ။ ဒီနှစ်ဆိုရင် ဧက ၁၀၀ လောက်ထက် မရှိနိုင်ပါဘူး” ဟု ပြောသည်။
လက်ရှိ ပြည်တွင်း၌ ဖရဲ၊ သခွားများကို နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေး တို့တွင် အများဆုံး စိုက်ပျိုးကြသော်လည်း ကိုဗစ်ကာလအတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် လမ်းပန်းဆက် သွယ်ရေး အခက်အခဲရှိခြင်း၊ ဈေးကွက်မမှန်ခြင်း၊ ကုန်သွယ်မှု အခက်အခဲ ပေါ်ပေါက်ပါက ပျက်ဆီးဆုံးရှုံးမှု များနိုင်သည့်အတွက် စိုက်ပျိုးမှုကိုပါ လျော့ချသွားကြရန် ပြင်ဆင်နေကြကြောင်း သိရသည်။